International News

အာရပ်စော်ဘွားများပြည်ထောင်စုမှ ဆန်တင်ပို့မှုနှင့် ပြန်လည်တင်ပို့မှုကို ယာယီပိတ်ပင်ထား

Last Updated:

ပြည်ပသို့ ဆန်တင်ပို့မှုနှင့် ပြန်လည်တင်ပို့မှုကို လေးလကြာယာယီပိတ်ပင်ထားမည်ဖြစ်ကြောင်း ယူအေအီးနိုင်ငံ စီးပွားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပြည်တွင်းဈေးကွက်တွင် ဆန်အလုံအလောက်ရရှိရေးသေချာစေရန်အတွက် ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤဆုံးဖြတ်ချက်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နောက်ပိုင်းတွင် လွတ်လပ်သောဇုန်များအပါအဝင် ယူအေအီးသို့တင်သွင်းခဲ့သည့် အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့ခြင်းနှင့် ပြန်လည်တင်ပို့ခြင်းကို တားမြစ်ထားပါသည်။ ၎င်းတားမြစ်ချက်တွင် အထွေထွေပြည်ပအကောက်ခွန်(၁၀၀၆)(Common External Tariff)(1006)၏ ဟန်ချက်ညီညီစနစ်ကုဒ်များ(Harmonized System Codes)အောက်ရှိ ဖော်ပြပါဆန်အမျိုးအစားအားလုံးတို့ပါဝင်ပါသည်။ ၎င်းတို့မှာ-

အခွံချွတ်ထားသောဆန်(ဆန်လုံးဖြူ) (Husked rice (white rice)) ၊

အခွံချွတ်ထားသောဆန်(ဆန်လုံးညို) (Husked rice (brown rice)) ၊      

သန့်စင်ပြီးဆန်(Parboiled rice, whether polished or glazed)၊

ဆန်ကွဲ(Broken rice) စသည်တို့ဖြစ်ကြပါသည်။

အဆိုပါဆန်အမျိုးအစားများကို ပြည်ပသို့တင်ပို့ရောင်းချလိုသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံပြင်ပသို့ တင်ပို့ရန်အတွက် စီးပွားရေးဝန်ကြီးဌာနသို့လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာတွင်တင်ပို့မည့် တင်ပို့ခြင်းဆိုင်ရာအချက်အလက်၊ မူရင်းဒေသ၊ အရောင်းအ၀ယ်ပြုလုပ်သည့်ရက်စွဲနှင့် ဝန်ကြီးဌာနမှ အတည်ပြုရန် အထောက်အကူဖြစ်စေမည့် စာရွက်စာတမ်းများ၊ အခြားလိုအပ်ချက်များနှင့် လက်မှတ်များအားလုံးကို ပံ့ပိုးပေးရမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံမှမဟုတ်သည့် ဆန်ပို့ကုန်အမျိုးအစားများကိုလည်း ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် ပြန်လည်တင်ပို့လိုသည့်ကုမ္ပဏီများသည် နိုင်ငံပြင်ပသို့ဆန်တင်ပို့ခွင့်ပြုရန်အတွက် စီးပွားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာကို နိုင်ငံပြင်ပသို့တင်ပို့မည့် ဆန်တင်ပို့မှု၏ မူရင်းဒေသကို စိစစ်ထောက်ခံသည့် စာရွက်စာတမ်းများနှင့် လက်မှတ်များအားလုံးပါရှိရမည်ဖြစ်ပါသည်။ ကုမ္ပဏီများထံသို့ ထုတ်ပေးမည့် ဆန်ပို့ကုန်များအတွက် ပို့ကုန်ပါမစ်သည် ထုတ်ပေးသည့်နေ့မှ ရက်ပေါင်း ၃၀ သက်တမ်းရှိမည်ဖြစ်ပြီး ပြင်ပသို့တင်ပို့သည့် အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်များ ပြီးမြောက်စေရန် သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လျှောက်လွှာများကို e.economy@antidumping အီးမေးလ်လိပ်စာမှတစ်ဆင့် အီလက်ထရွန်နစ်စနစ်ဖြင့်လည်းကောင်း၊ စီးပွားရေးဝန်ကြီး ဌာန၏ ရုံးချုပ်သို့ တိုက်ရိုက်ပေးပို့ခြင်းဖြင့်လည်းကောင်း လျှောက်ထားရမည်ဖြစ်ပါသည်။ ပယ်ဖျက်ရန်အတွက် မတင်ပြပါက ဆုံးဖြတ်ချက်ကို အလိုအလျောက်ပြန်လည်သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဖော်ပြထားပါသည်။

အရင်းအမြစ်   -         emirates247.com

ပေးပို့သူ         -         ဦးနန္ဒာစိုးမြင့်             

 

 

Category: International News